လင်းနစ်လား လင်းလင်းလား

လင်းနစ်လား လင်းလင်းလား

လွန်ခဲ့တဲ့ ၁၀ နှစ်... စိန့်ပေါလ် ကျောင်း...

စာသင်ချိန် တစ်ချိန်နဲ့ တစ်ချိန် အပြောင်းမှာ ဆိုတော့ ဆရာမ မဝင်သေးတဲ့ အချိန်၊ အတန်းထဲမှာလည်း စကားများ ... သောင်းကျန်းနေကြတာပေါ့။

ကိုယ်တွေကတော့ လူလိမ္မာလေး ဆိုတော့ စာရွက်ပေါ်မှာ ဟိုခြစ် ဒီခြစ်ပေါ့။​ စိတ်ဝင်တစားနဲ့ကို တောင်ခြစ်မြောက်ခြစ် လုပ်နေတုန်းမှာ တစ်ယောက်ယောက်က စားပွဲကို ဘုန်းကနဲ လာပုတ်တယ်။

"ဟကောင် .. ငါ့တို့ကို တစ်ခု ကူညီ"

မော့ကြည့်လိုက်တော့ အတန်းထဲက ဘော်ဒါ နှစ်ကောင်...

"နေညိုရင် သီချင်းကို ဘယ်သူဆိုတာလဲ"

အွန်.. နည်းနည်း စဉ်းစားလိုက်ရတယ်။ အဲဒီ သီချင်းကို ကြားတော့ ကြားဖူးနေတယ်။​ ကျောင်းတက် ကျောင်းဆင်း၊​ ကျူရှင်သွား၊ အိမ်အပြန်ဆိုရင် လမ်းမှာရှိသမျှ စပီကာနဲ့ ဆောင်းဘောက်ဆိုင်တွေက အဲဒီသီချင်းကို ဖွင့်နေတာ။

အဲကောင်တွေကို နောက်ချင်တာနဲ့ ပြန်ဖြေလိုက်တယ်။

"နေညိုရင် ဆိုတာ.. 'နေညိုချိန် တိမ်တောက်တဲ့ အခါ ရွာလမ်း နံဘေးမှာ' ဆိုတဲ့ သီချင်းမလား"

"အာ.. ဟုတ်ဘူး"
တစ်ယောက်က ငြင်းတယ်၊​ နောက်တစ်ယောက်ကနေပြီး သူ့ အသံဆိုးကြီးနဲ့ အော်ဆိုပါလေရော။
" ဒါကွာ ... နေညိုချိန် ငါတို့ ဝေးရပြီ .. အချိန်တွေကို ရပ်ဆိုင်း ထားချင်လည်း .. ဘာညာ ... ဘာညာ"

ဘာညာ ဘာညာ က ဘယ်က ပါလာတာလည်း မသိ။ သေချာပြောရရင် ကိုယ်လည်း ဘာမှ မသိ။ သီချင်းက ထွက်ခါစ၊​ စာသားတောင် အပြည့်မရ။ ဒါပေမယ့် ဟန် ကိုယ့်ဖို့က ရှိသေးတယ်မလား။

"ဒါနဲ့ လင်းနစ် ဆိုတာ ဘယ်သူလဲ။"
ဆရာကြီး အထာဖမ်းပြီး မေးလိုက်ရတယ်။

" - ီး ... လင်းနစ် ဆိုတာ ဒီဇင်ဘာည ဆိုတဲ့ တစ်ယောက်ကွာ .."

ဪ ... ဒီဇင်ဘာညတော့ သိတယ်။ လူတိုင်း ပါးစပ်ဖျားမှာ ညည်းနေတာကို။

"အဲဒါတော့ ငါသိတယ်ကွ .. လင်းလင်း ဆိုတာကရော ..."

"ကျွတ်(စ်) ..."​
စိတ်မရှည်တဲ့ အသံနဲ့ ထပ်ဆိုပြကြတယ်။
"ငါ့ဘက်က မှားတာပါ ..."

"ဪ မင်းဘက်က မှားတာလား၊​ အဲဒါဆိုပြီးတာပဲ။"

" - ီး "
ဒုတ္တိယံပိ ထပ်ဆဲကြတယ်။
" ဖြေမှာသာ ဖြေ ... အဲဒီ နေညိုရင် သီချင်းကို ဘယ်သူ ဆိုတာလဲ"

"ငါလည်း မသိဘူးကွ"

" ငါ  - ိုး မသား -  ီး မို့လို့ မသိတာကို ဝေ့လည်ကြောင်ပတ် လုပ်နေတာလား "

သုံးခေါက်လောက် အားရပါးရဆဲပြီးတော့မှ အနားကနေ ထွက်သွားပြီး နောက်လူတွေ သွားမေးနေကြတယ်။ အဲဒါနဲ့ ကိုယ့်ဘာသာကိုယ် ကြိုးစားပမ်းစား တောင်ခြစ်မြောက်ခြစ် ပြန်လုပ်ပါလေရော​။

သိပ်မကြာဘူး ...

"လင်းလင်း ကွ ..."

"မဟုတ်ဘူး ... လင်းနစ် ကွ ..."

"ဖုန်း .. ဒိုင်း ... ခွပ် .... ခွပ် ... "

အသံကြားလို့ ခေါင်းမော့ ကြည့်လိုက်တော့ ခုနက နှစ်ကောင်၊ ထိုးနေကြပြီ။ အားလုံး ဝိုင်းဆွဲ ဘာဆွဲ .. အဲ .. ဆွဲတာက နည်းနည်း အားပေးအားမြှောက် လုပ်နေတာ များများပါ။

ဒီလိုနဲ့ သိပ် မကြာဘူး၊​ ဆရာမတွေ သိသွားတော့ အရိုက်ခံရပြီး ကျောင်းအုပ်ကြီး ရုံးခန်း အထိ ရောက်သွားတယ်။ ဘေးနားက ဝိုင်းအားပေးကြတဲ့ ကိုယ်တွေပါ အဆစ်ပါသွားရော။ စုစုပေါင်း အယောက် ၃၀ လောက်ရှိတယ်၊​ ရုံးခန်းရောက်သွားတာ။

ရုံးခန်း ရောက်တော့ ဆရာကြီးက ဖြစ်ကြောင်း ကုန်စင် မေးတယ်။​ အားလုံးက တစ်ယောက် တစ်ပေါက် ဝိုင်းရှင်းပြကြပါလေရော။​ ဇာတ်ရည်လည်သွားတော့ မှ စောနက ရန်ဖြစ်တဲ့ နှစ်ယောက် ကို ရှေ့ထုတ်ပြီး ကြိမ်လုံးနဲ့ ဆော်ပလော်တီး၊ ပြီးတော့ သူတို့ ငြင်းတာကို တစ်ခါထဲ အပြတ်ဖြတ်ပေးလိုက်တယ်။

"လင်းလင်းလည်း မဟုတ်ဘူး လင်းနစ်လည်း မဟုတ်ဘူး။​ နေညိုရင်သီချင်းကို ဆိုတာ ... အယ်လွန်းဝါ ... "

Show Comments